Thursday, May 24, 2007

Allergy ဖြစ်တတ်သူတွေအတွက်

အချို့တွေ ဖြစ်ဖူးမယ်ထင်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်တွေ စားမိရင်၊ အနံ့တွေ အမှုန်တွေ ရှုမိရင်၊ အကောင်ပလောင်လေးတွေ ထိမိရင် စသည်ဖြင့် ကိုယ်ခန္ဓာမှာ အဖုအပိန့်တွေ ဖြစ်လာပြီး အရမ်း ယားယံလာတာမျိုးလေ။ အင်္ဂလိပ်လိုတော့ Allergy လို့ခေါ်ပါတယ်။

Allergy အကြောင်းကို Online စွယ်စုံကျမ်းကြီး ၀ီကီမှာ ဒီလို တွေ့နိုင်ပါတယ်။

အစားအသောက်နဲ့ ပတ်သတ်လို့ဖြစ်တဲ့ Allergy အကြောင်းတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ ဘာကြောင့်မှန်းမသိ Allergy ဖြစ်တတ်ပါတယ်။ မြန်မာလိုတော့ အင်ပျဉ် ခေါ်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံး အနီရောင် အဖုအပိမ့်ကြီးတွေ ဖြစ်လာပြီး အရမ်းယားပါတယ်။ အဖုကြီးတွေကလည်း ကြောက်စရာကြီးတွေပါ။ အပြင်လိုက်ကြီးတွေပါ။ အဲဒီလိုဖြစ်ရင် ကိုယ့်ကိုကိုယ် ပြန်စဉ်းစားရပါတယ်။ ငါ ဘာတွေများ စားမိပါလိမ့်၊ ဘယ်နေရာတွေများ သွားမိပါလိမ့်၊ ဘာတွေနဲ့များ ထိမိ ကိုင်မိသလဲ စသည်ဖြင့်ပေါ့။ အဲဒါမှ နောင်ဆိုရင် ရှောင်လို့ရအောင်လို့ပါ။

အဲဒီလို အင်ပျဉ်ထပြီး ယားယံတတ်တဲ့ လူတွေအတွက် အချို့က ပြောကြတာက ဘာမီတွန် တစ်လုံးလောက် သောက်ရင် ပျောက်တယ်လို့ ပြောလို့ သောက်ကြည့်တော့ တကယ်ပျောက်ပါတယ်။ ဘာဖြစ်လို့ ပျောက်သလဲဆိုတာ ဆေးအကြောင်း နားလည်တဲ့ သူတစ်ယောက်က ပြောပြလို့ အရင်တုန်းက ကြားဖူးပါတယ်။ ဒါပေမယ့် အခုတော့ မေ့သွားပြီဗျာ။ ဆောရီး။

ကျွန်တော် အခု ပြောချင်တာက ဘာမီတွန် မသောက်ချင်တဲ့ လူတွေအတွက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းကြည့်ပြီးပါပြီ။ တကယ် Allergy ဖြစ်ပြီး ထလာတဲ့ အင်ပျဉ်တွေ၊ ယားယံတဲ့ အဖုတွေ အကုန်ပျောက်ပါတယ်။ နည်းလမ်းကတော့ အိမ်သုံး ဆား ထမင်းစားဇွန်း သုံးဇွန်းလောက်ကို မိမိရဲ့ချက်ပေါ်မှာ အုံပေးထားရမှာပါပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ ဆားတွေ ချက်ပေါ်မှာ ရှိနေအောင် ခဏလေး ငြိမ်ငြိမ်လေးနေလိုက်ပါ။ အင်ပျဉ်တွေ ပျောက်ကင်းသက်သာသွားတာ တွေ့ရပါလိမ့်မယ်။

အဆင်ပြေပါစေဗျာ။

Tuesday, May 15, 2007

အသံကြည်လင်ပြတ်သားလိုသူများအတွက်

အဆိုတော် ကိုဒီလေး ပေးတဲ့ နည်းလမ်းလေးတစ်ခုပါ။ အသံနဲ့ အလုပ် လုပ်နေရသူတွေ အတွက် အသုံးဝင်လိမ့်မယ် ထင်ပါတယ်။ နည်းကတော့ မနက်စောစော အိပ်ယာထရင် ဂျင်းနည်းနည်း၊ သံပုရာရည်နည်းနည်း၊ ဆားအနည်းငယ်တို့ကို နေ့စဉ် စားပေးဖို့ပါ။ တစ်ခုခက်တာက နည်းနည်းဆိုတာပါ။ ဘယ်လောက်နည်းတာလဲလို့ မေးဖို့ရှိပါတယ်။ ဒါတော့ ကျွန်တော်လည်း မသိပါဘူး လို့ပဲ ၀န်ခံပါရစေခင်ဗျာ။ မိမိသင့်တော်မယ်ထင်တဲ့ အချိန်အဆလေးကို မှန်းဆပြီးတော့သာ စားကြည့်ကြပါ။

ကျွန်တော် အယူအဆကတော့ ဂျင်းလက်သည်းခွံလောက် (လာပြန်ပြီ၊ လက်သည်းခွံဆိုတာ စံသတ်မှတ်ထားတဲ့ အတိုင်း တစ်ကမ္ဘာလုံး အတူတူမှ မဟုတ်တာ)၊ သံပုရာသီးတစ်စိတ်လောက်၊ ဆားကတော့ လက်ဖက်စားဇွန်းနဲ့ တစ်ဝက်လောက် ကို အရင် အစမ်းစားကြည့်ပြီးမှ နောက်ပိုင်း ကိုယ့်ဘာသာကိုယ် လိုတိုးပိုလျှော့လေး လုပ်ကြည့်ရင် ကောင်းမယ်ထင်ပါတယ်။

နည်းလမ်းပေးတဲ့ ကိုဒီလေးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ကိုဒီလေး အသံတွေ ပို၍ပို၍ ကြည်လင် ပြတ်သားပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။


မှတ်ချက်။ ။ သွေးတိုးရှိသူများ မစားသင့်ပါ။ (ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဆားအချိန်အဆ မမှန်းတတ်လို့ သတိပေးပါတယ်ခင်ဗျာ။)

Sunday, May 13, 2007

ကြို့ထိုးနေသူတွေအတွက်

ကျွန်တော်တို့ တခါတလေ ကြို့ထိုးတဲ့အခါ ခံရခက်ပါတယ်။ ကောင်းကောင်း စကားပြောလို့မရ၊ အလုပ်ဖြောင့်ဖြောင့် လုပ်လို့မရ ဖြစ်တတ်ပါတယ်။ ကြို့ကြီးထိုးရင် စိုးရိမ်ရတယ်လို့တောင် ပြောသံကြားဖူးပါတယ်။

ဒီလိုဖြစ်နေရင် ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးတာလေး တစ်ခု ပြောချင်ပါတယ်။ အဲဒါကတော့ နားကိုပိတ်ပြီး ရေသောက်တာပါ။ တစ်ယောက်ယောက်ကို နားနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ လုံအောင် သေသေချာချာ ပိတ်ခိုင်းထားပြီး ရေတစ်ခွက်သောက်လိုက်ရင် ကြို့ထိုးတာပျောက်ပါတယ်။ လက်တွေ့လည်း ၉၀% လောက် မှန်ပါတယ်။ ကြုံကြိုက်ရင် စမ်းသပ်ကြည့်ပါခင်ဗျာ။ ကြို့ထိုးပျောက်တာ မှန်တယ်ဆိုရင် လက်ဆင့်ကမ်း ဝေမျှပေးလိုက်ပါဦးခင်ဗျ။

(နားကိုပိတ်ပေးမယ့်သူ မရှိရင် ရေကို ပါးစပ်ထဲမှာ အရင်ငုံပြီးမှ လက်နှစ်ဘက်နဲ့ နားကိုပိတ်ပြီး ရေကိုမျိုချလိုက်ပါခင်ဗျာ။)

Wednesday, May 9, 2007

ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိ (သို့) ပိုးကောင်တွေ မလာအောင်

ပထမဆုံးတင်ပေးချင်တာကတော့ သိဒ္ဓိမိုးမဂ္ဂဇင်း အမှတ် (၂၂)၊ ဇွန်လ၊ ၂၀၀၇ မှာ ပါတဲ့ ဆောင်းပါးရှင် ချောင်းနက်သား ရဲ့ ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိကို သုံးကြည့်လိုက်ပါ ဆောင်းပါးထဲက နည်းလမ်းလေးပါ။

ညအမှောင်ရောက်လို့ မီးလင်းတဲ့အချိန်မှာ ပိုးစိမ်းကောင်၊ ပုရစ် အစရှိတဲ့ ပိုးကောင်များ အိမ်ရှိ မီးချောင်း၊ မီးလုံးများရှိရာကို စုပြုံရောက်လာတတ်ပါတယ်။

ဒီလိုဆိုရင် ငရုတ်သီးစိမ်း လေး ငါးတောင့်ခန့်ကို မီးလုံး၊ မီးချောင်းတို့မှာ အညှာတွင် အပ်ချည်ကြိုးနဲ့ တွဲလောင်းချည်ထားလိုက်ပါ။ ပိုးကောင်တွေ ကင်းရှင်းသွားပါလိမ့်မယ် လို့ ဆောင်းပါးရှင်က ဆိုထားပါတယ်။

ပိုးကောင်တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေသူများ စမ်းသပ်ကြည့်ပါ။

ကျွန်တော်လည်း ဒီဆောင်းပါးလေး ဖတ်မိရင် ဖတ်မိချင်းပဲ ဒီဘလော့ဂ်လေးကို စလုပ်မိတာပါ။ ပေါင်ပေါ်မှာ စာအုပ်တင်ရင်း ဘလော့ဂ်တွေလည်းဖတ်၊ စာအုပ်လည်း ဖတ် လုပ်နေတာပါ။ နောက်ဘက်က မီးချောင်းနားမှာ ပြီးတော့ ကြမ်းပြင်ပေါ်မှာ ပုရစ်တွေ၊ ပိုးစိမ်းကောင်တွေ ပြီးတော့ ဘာမှန်းမသိတဲ့ အကောင်တွေက အများကြီးပဲဗျ။ အချို့အကောင်တွေက ခြေဖ၀ါးနဲ့ တက်နင်းမိရင် ပုလင်းကွဲစလေးတွေ စူးသလိုမျိုးကို နာတဲ့ အကောင်တွေဗျ။ အိမ်မှာ သားသားကလည်း အဲဒီအကောင်မျိုးတွေဆိုရင် အရမ်းသဘောကျပြီး လိုက်လိုက်ဖမ်းတတ်လို့ အန္တရာယ်ရှိတယ်ဆိုပြီး ဆောင်းပါးလေးကို သဘောကျ၊ ကျေးဇူးတင်ပြီး ဒီဘလော့ဂ်လေးကိုလည်း ကိုယ့်လို စမ်းသပ်ပြီး အသုံးဝင်စေချင်လို့ တင်လိုက်တာပါ။

မိတ်ဆက်ပါတယ်။

ဘလော့ဂ်အသစ်လေးတစ်ခုကို မိတ်ဆက်ပါတယ်။

မဂ္ဂဇင်းတွေထဲက ဖတ်မိသမျှလေးတွေ၊ ကြားဖူးနားဝ မှတ်သားထားတာလေးတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက် တင်ပေးသွားမှာပါ။

ကျွန်တော်က ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူပါ။ ဒါပေမယ့် ဘာသာရေးကို ဆန့်ကျင်မှုမရှိဘဲ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အဆင်ပြေနိုင်မယ့်နည်းလမ်း အတိုအထွာလေးတွေ၊ ဆေးမြီးတိုလေးတွေ၊ ထူးထူးဆန်းဆန်းလေးတွေ၊ အချို့ ဂါထာမန္တာန်လေးတွေကို တင်ပြပေးသွားမှာပါ။

မမေဓါဝီက အဘိဓမ္မာဘလော့ဂ် လုပ်တဲ့အချိန်မှာမှ ကျွန်တော်က ဂမ္ဘီရလိုင်းကို ထလုပ်တာ တမင်လုပ်တာတော့ မဟုတ်ပါဘူးခင်ဗျ။ အပေါ်မှာ ပြောခဲ့သလို အားလုံးအတွက် အသုံးတည့်နိုင်မယ့် နည်းလမ်းလေးတွေ၊ မျှဝေချင်တာ သက်သက်ပါပဲခင်ဗျာ။